" မိုးရေမချိုးပါနဲ့ သမီးရယ် သမီးချောင်းပြန်ဆိုးလိမ့်မယ် နေမကောင်းပြန်ဖြစ်ရင် ဆေးခါးကြီးတွေ သောက်ရမှာနော်...မိုးအေးအေးလေးနဲ့စောင်ထဲမှာပဲကွေးအိပ်ကြရအောင်နော်...မေမေ ပုံပြင်ပြောပြမယ်လေနော်" ...
မေမေက တတ်အားသမျှ စွဲဆောင်စည်းရုံး ပေမယ့် ရွာနေတဲ့ မိုးမင်းကြီး ကိုတော့ မသာလွန်နိုင်ခဲ့ဘူးလေ..လေးနှစ်အရွယ်ချူချာလှတဲ့...သမီးလေးမို့...အရိပ်တကြည့်ကြည့်  ကြည့်ရှုစောင့်ကြည့်နေရတဲ့ ကြားက...
တစ်လတစ်ခါ...ပုံမှန်ဖျားတတ်လေတော့...ဒီတစ်ခါလည်း..."မိုးရေချိုးလိုက်လို့ဖျားပြီ"ဆိုတာမျိုးကို...
မေမေကမဖြစ်ချင်ခဲ့ဘူး...
တစ်ဖက်ကလည်း ဒီလိုဆင်ခြေဖုံးရက်ကွက်လေးထဲက..အိမ်နီးနားချင်းကလေးတွေ...နေပူမရှောင်မိုးရွာမရှောင်...
ဆော့ကစားပြေးလွှားနေတာကို...အားကျနေတတ်တဲ့သမီးလေး...
မိုးထဲလေထဲ စိတ်လွတ်လက်လွတ်ပျော်ရွှင်မှာကို..မတားရက်ပြန်ဘူး...
ဒါပေမယ့် သမီးလေးကျန်းမာရေးက...အဓိကမို့ မေမေက...မတားချင်လည်း အမြဲတားခဲ့ပါတယ်...
"ဟင့်အင်း..ဟင့်အင်း..မိုးရေပဲချိုးချင်တာ...သူများတွေမိုးရွာရင်...မိုးရေချိုးတယ်..
သမီးက...ဘယ်တုန်းကမှမချိုးရဘူး ဒီတစ်ခါမိုးမတိတ်ခင်...တစ်ခါလောက်ချိုးဖူးချင်လို့ပါ...
မေမေဘာသာစောင်ထဲအိပ်...သမီးနဲ့ဖေဖေ...မိုးရေသွားချိုးမယ် နော်...ဖေဖေနော်"...
မိုးမင်းကြီး...မိုးမတိတ်ခင်...တလိမ့်လိမ့်ကျလာတဲ့ မိုးစက်လေးတွေနဲ့ ဆော့ကစားချင်တဲ့ သမီး ..
ဒီလိုမိုးသဲရွာတိုင်း ဖေဖေမရှိတဲ့ ရုံးဖွင့်ရက်ဆို မေမေကို အရှုံးပေး စောင်ထဲမှာ ညမဟုတ်လဲ အိပ်ရာဝင်ပုံပြင်နားထောင်ပြီး
မိုးစက်လေးတွေရဲ့ သံသာနဲ့ပဲ အိပ်မောကျနေကျ ..
ဒီနေ့တော့ သမီးအတွက် မဟာအခွင့်အရေးထူးကြီး လေ ရုံးပိတ်ရက် ဖေဖေလည်းရှိတဲ့ အချိန
် မိုးမင်းကြီးကလည်း သဘောကောင်းမနှောကောင်း အားကောင်းကောင်းနဲ့ သဲကြီး မဲကြီး ရွာချနေတဲ့အချိန်...
"ဖေဖေ သမီးကို ချစ်တယ်ဆို သမီးနေကောင်းရင် သမီးနဲ့ မိုးရေထဲမှာ စိမ်ပြေးတမ်းဆော့မယ်ဆို
အခု သမီးနေကောင်းတယ်လေ မိုးလည်း မတိတ်သေးဘူး လေ.. မိုးရေချိုးပြီး ဆော့ရအောင်လေ နော် ဖေဖေနော်" ...
သမီးအလိုကျ အမြဲ ဖြည့်ဆည်းပေးတတ်တဲ့ ဖေဖေက တစ်ဦးတည်းသောသမီးလေး ရဲ့
အမြင့်ဆုံးအဆင့်ကိုရောက်နေတဲ့ လတ်တလော ဆန္ဒကို ဘယ်လိုမှ လျစ်လျူမရှုနိုင်ခဲ့ပါဘူး ...
ချစ်ဇနီးရဲ့ စိုးရိမ်ပူပန်မှုကိုလည်း အမြင့်ဆုံးမရောက်ရအောင် ညှိနှိုင်းဖြေရှင်းပေးတတ်တဲ့ ဖေဖေက...
"ကလေးက တစ်ခါမှမိုးရေ မချိုးဘူးတော့ ချိုးချင်မှာပေါ့ မေကြီးရယ်..၅မိနစ် ၁၀မိနစ်လောက်ပေါ့ကွာ...
ဖေကြီး လိုက်ကစားပေးလိုက်ပါ့မယ်...မေကြီးအိမ်အ၀မှာ...သဘက်စောင်နဲ့...စောင့်နေလေ...
ချက်ချင်းခြောက်အောင်သုတ်လိုက်ရင်...မဖျားလောက်ပါဘူးကွာ ကလေးက...အရမ်းဆန္ဒပြင်းပြနေတာ...ပေးဆော့လိုက်ပါကွာ"...
ခင်ပွန်းသည်ရဲ့...နှစ်သိပ်မှုကို...ချင့်ချိန်စဉ်းစားနေဆဲ...
မျှော်လင့်ချက် အရောင်တွေတောက်ဖျာပြီး...ပျော်ရွှင်ပြုံးရယ်နေတဲ့...သမီးလေးကို...ငြင်းဆန်ဖို့...
မေမေ့မှာ...ဒီတစ်ခါတော့ အင်အားမရှိတော့ပါဘူး ...
"ခဏလေးပဲ နော် မေမေ အိမ်ဝမှာစောင့်နေမယ်.. မေမေခေါ်ရင်ချက်ချင်းပြန်ဝင်လာရမယ်နော်..."
"ဟေး ဒါမှ တို့မေမေကွ... စိတ်ချပါမေမေ.. သမီးဖေဖေနဲ့ စိမ်ပြေးတမ်းလေး ခဏကစားပြီး ပြန်လာမှာ ..
မိုးမတိတ်ခင် မြန်မြန်သွားဆော့ရအောင် လာဖေဖေလာ ..."
ဖေဖေ့လက်ကို...မလွတ်တမ်းဆွဲပြီး...အိမ်ပေါ်က...နေခုန်ပေါက်ပျော်ရွှင်စွာပြေးသွားတဲ့...သမီးလေးကို ကြည့်ရင်း..
ကျန်ခဲ့တဲ့မေမေ့မျက်နှာက....အပြုံးတစ်ပွင့်နဲ့...မျက်ရည်တစ်စက်ကို...သမီးမကြည့်အားခဲ့ပါဘူး...
(မြင်ခဲ့ရင်လည်း..မေမေ့မျက်ရည်ကို...အဲဒီတုန်းက...သမီးမှာ...နားလည်နိုင်စွမ်းရှိခဲ့မှာမဟုတ်ပါဘူး မေမေ)...
မိုးစက်လေးတွေ...သမီးမျက်နှာပေါ်သက်ဆင်းလာမယ့်အထိအတွေ့ကို...
သမီးအရာအားလုံးနဲ့...လဲနိုင်ခဲ့တယ်...
အဲဒီအရာအားလုံးထဲမှာ...သမီးနေမကောင်းဖြစ်ခဲ့ရင်...
မနက်ကိုအင်္ဂလိပ်ဆေးခန်း...ညနေကိုမြန်မာဆေးခန်း...လိုက်ပို့ပေးရမယ့်ဖေဖေနဲ့မေမေ...
ဆေးအလုံးလိုက်မသောက်တတ်တဲ့ သမီးကို...ဆေးကြိတ်ပေးပြီး...
မှုန့်အချိုလေးတွေနဲ့ချော့လိုက်...ခြောက်လိုက်...ဆေးတိုက်ရမယ့်မေမေ..
သမီးဆေးတွေခါးလို့...မမျိုချနိုင်ပဲ...အန်ခဲ့ရင်...ထပ်သွားဝယ်ပေးရမယ့်ဖေဖေ...
ညဘက်အဖျားတက်ခဲ့ရင်...ပူခြစ်တောက်နေတဲ့သမီးကိုယ်ခန္ဒာကို...ချွေးသံတရွှဲရွှဲနဲ့ဖြစ်နေလည်း...
စောင် အထူကြီးနဲ့ဖက်ပေးထားရမယ့်မေမေ...
ညဘက်ပူအိုက်နေပေမယ့်လည်းဘာတံခါးမှမဖွင့်ပဲ...ချွေးဝိုင်းအောင်းပေးရမယ့် ဖေဖေနဲ့ မေမေ..
ဒီလိုအရာတွေအားလုံးကိုသမီးမှာ..ကြိုမြင်နိုင်စွမ်းမရှိခဲ့ပါဘူး...
သမီး အရမ်းပျော်ခဲ့တယ် .. ဖေဖေလိုက်တာကို မိုးရေထဲပြေးရင် မိုးစက်လေးတွေနဲ့ တူတူရယ်မော ခဲ့တယ်..
ဖေဖေ ပြေးလိုက်လို့ မိသွားရင် ဖေဖေ ချီမြှောက်လိုက်တဲ့ ဟိုးအမြင့်ကြီးမှာ မိုးကောင်းကင်ကြီးကို အနီးကပ်မြင်လိုက်ရသလိုလို...
မိုးစက်တွေလာတဲ့ အရင်းအမြစ်ကို အနီးကပ်မြင်လိုက်ရသလိုလို... ဖေဖေက လေယာဉ်မောင်းသလိုလှည့်ချီလိုက်ရင် မိုးစက်တွေကြားထဲမှာ ပျံတက်သွားသလိုလို ...
ဖေဖေနဲ့ ကစားရတဲ့ ခဏတိုင်းဟာ ကလေးဘ၀ရဲ့ အမှတ်ရဆုံး အပျော်ဆုံး အချိန်တွေဖြစ်ခဲ့ပါတယ်....
"တော်ပြီတော်ပြီ ပြန်လာတော့" လို့ အော်နေတဲ့ မေမေ့အသံကို သမီးနဲ့ ဖေဖေ မကြားချင်ဟန် ခဏလောက် ဆောင်ပြီး လှည့်ပတ်ပြေးခဲ့ကြသေးတယ်...
ခဏလေးပါပဲ...
နောက်တော့ ဖေဖေက သမီးကို ဖမ်းချီပြီး မေမေ့လက်ထဲကို အပ်ခဲ့တယ်..စိုးရိမ်နေတဲ့ မေမေက သမီးကို သဘတ်စောင်နဲ့ ပွတ်သပ် ပြီး
အ၀တ်အစားအခြောက်တွေကို အမြန်ဆုံးလဲပေးခဲ့ပါတယ်....
အခုဏက အတူတူပျော်ခဲ့တဲ့ မိုးစက်လေးတွေက သမီးကိုယ်တွင်းကို ဖောက်ထွင်းသွားသလားအောက်မေ့ရအောင်...သမီးခိုက်ခိုက်တုန်လာခဲ့ပါတယ်...
အင်္ကျီလဲပြီးတဲ့ဖေဖေကလည်း ရေနွေးပူပူလေးအတင်းချော့တိုက်ပါသေးတယ်.. သမီးက...ဖေဖေနဲ့မေမေကို...မိုးရေထဲပထမဆုံးအကြိမ်...
၁၀မိနစ်ပေးဆော့လို့...အရမ်းကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်နေခဲ့ပေမယ့်...
ဖေဖေရောမေမေရော...သမီးကိုအရမ်းစိတ်ပူနေကြလို့...သတိထားမိခဲ့ပုံမပေါ်ပါဘူး...
အဲဒီနေ့ည သမီးဖျားခဲ့တယ် လေ.. မေမေ စိတ်ပူခဲ့တာမှန်ပါတယ်...ဖေဖေ သမီးကို အလိုလိုက်ခဲ့တာလည်း မမှားပါဘူး ဖေဖေ...
သမီးရဲ့အလိုကိုမငြင်းနိုင်တဲ့ဖေဖေ့ကို....မေမေက...အပြစ်ဆိုနေတာကို...
သမီးကြားတစ်ချက်မကြားတစ်ချက်နဲ့ မိုးစက်လေးတွေ..သမီးကိုယ်ပေါ်ကိုဆက်ကျနေတုန်းပဲဖေဖေ...သမီးချမ်းလည်းချမ်းတယ်..
အရမ်းလည်းပျော်တယ်...ဖေဖေနဲ့မေမေ...
Thursday, July 15, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment